Рет қаралды 374,222
ဖူးစာရေးနတ်ကဖန်လာရင် ရှောင်လွှဲလို့မရဆိုတဲ့ ဆိုရိုးစကားရှိသလို နဖူးမှာစာပါလာရင်တော့ ဘယ်သူတွေ ဘယ်လိုပဲ တားဆီးပါစေ နောက်ဆုံးတနေ့ ပေါင်းဖက်ခွင့်ရကြတာပါပဲ။ ဒါကြောင့်ပဲ ဖူးစာရေးနတ်က ဆန်းကြယ်တယ်လို့ပြောစမှတ်ပြုကြတာဖြစ်ပါတယ်။
ဧရာဝတီတိုင်း ညောင်းတုန်းမြို့နယ်ထဲမှာရှိတဲ့ ဒီအကြင်လင်မယားဟာလည်း ဖူးစာရေးနတ်ရဲ့ ပဥ္စလက်ပြကွက်တခုလို့ဆိုရလောက်အောင် ဆန်းကြယ်လှပါတယ်။
အရပ် ၃ ပေသာသာလောက်သာရှိတဲ့ ဇနီးနဲ့ အရပ် ၅ ပေ ၈ လက်မ ထောင်ထောင်မောင်းမောင်း ခင်ပွန်းသည်တို့ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အရပ်သာမက အသက်ကလည်း (၁၄) နှစ်လောက် ကွာပါတယ်။ တရွာတည်းသားချင်းဖြစ်တဲ့ သူတို့နှစ်ဦးအကြား သံယောဇဉ်ငြိတွယ်ခဲ့ရာမှ လက်ထပ်ဖို့ဖြစ်လာတဲ့အခါ မသန္တာစိုးရဲ့ မိဘများက ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်လို့ဆိုပါတယ်။ လူစဉ်မမီတဲ့ သူတို့ရဲ့ သမီးလေးကို အပျော်ကြံပြီးထားခဲ့လေမလားဆိုတဲ့ စိုးရိမ်စိတ်က လွှမ်းမိုးနေခဲ့ပါတယ်။
အခုအချိန်မှာတော့ အိမ်ထောင်သက် ၁၂ နှစ်ကျော်လာပြီဖြစ်ပြီး ရင်သွေး ၂ ဦးတောင် ရရှိလို့နေပါပြီ။ သမီးနှစ်ယောက်ထဲက အကြီးမဖြစ်တဲ့ ရွှေယမင်းဦးဟာ ဒုတိယတန်းမှာ ပညာသင်ကြားနေပြီး ယောကျ်ားလေးတယောက်လိုပဲနေထိုင်ပါတယ်။ သူ့ကို ”မောင်ရွှေ”လို့ခေါ်မှကြိုက်တဲ့အတွက် တရွာလုံးကလည်း “မောင်ရွှေ”လို့ပဲ ခေါ်ပါတယ်။
အိမ်ထောင်သက်တလျောက်လုံး ကိုစောတင်ထွန်းက ရွာနီးချုပ်စပ်မှာ ယာလုပ် ကိုင်းလုပ်ရင်း မိသားစုကို လုပ်ကျွေးပြုစုခဲ့ပါတယ်။ ဝင်ငွေပိုရအောင် မြို့တက်လုပ်ကိုင်ရှာဖွေလိုတဲ့ဆန္ဒ သူ့မှာ ရှိပေမယ့် မသန္တာစိုးက ခင်ပွန်းကို အဝေးမှာစိတ်မချဘူးတဲ့လေ။
သူတို့မှာ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ ရေရှည်ရည်မှန်းချက်ရှိသလို လတ်ငင်းဖြစ်ချင်တာကတော့ သူတို့ရွာစံချိန်နဲ့ တင့်တောင်းတင့်တယ်ဖြစ်တဲ့ နေအိမ်လေးတလုံး လိုချင်တာလို့ဆိုပါတယ်။
(ကိုစောတင်ထွန်းနှင့် မသန္တာစိုးတို့၏နေအိမ်ဖြစ်မြောက်ရေးအတွက် လှူဒါန်းလိုပါက - 09403363590, 09794308182)